ကိုယ့်ကို မချည်နှောင်ချင်ပါနဲ့
ကိုယ်က မင်းရည်းစားမဟုတ်သလို
မင်းယောင်္ကျားလည်း မဟုတ်ဘူးလေ
ကိုယ့်ကို ပေးပျံသန်းပါ
စကားလုံးတွေနဲ့ ချိန်ဆ တိုက်ခိုက်မနေပါနဲ့
မင်းက ကိုယ့်ကို အဝေးက သေသပ်စွာ ချိန်တတ်တဲ့ စနိုက်ပါလို
အလဲထိုးသတ်ချင်လို့လား
ဘာလို့လဲ
ဘာလို့ ကိုယ့်ကို နားမလည်တာလဲ
သဘောတူညီခဲ့ကြတဲ့ အတိတ်အိတ်ထောင်ကို
သူငယ်ချင်းဆိုတဲ့ ဘောင်ထဲမှာ ကန့်သတ်ပေးထားပါ
ကိုယ့်ကို လိုက် သ၀န်မတိုပါနဲ့
ကိုယ်က အရမ်းကောင်းတဲ့ယောကျား မဟုတ်ဘူး
အဆိုးမြင်တယ်လေ
သံသယလည်း များတယ်
ကိုယ့်ဆီ ချဉ်းကပ်တဲ့ မင်းကိုရော သံသယမထားရတော့ဘူးလား
ဘာလို့ ကိုယ့်ကို လှောင်အိမ်ထဲ ထည့်ထားချင်တာလဲ
ဘာလို့ အခန့်မသင့်ရင် အော်ငေါက်ပြီး အချိန်ခပ်များများမှာ ကိုယ့်အပေါ်ကောင်းနေရတာလဲ
မတော်သေးဘူးလား
စိတ်ညစ်ခံပြီး ပတ်သတ်ဦးမလို့လား
ရည်းစားမဖြစ်ချင်တဲ့ ယောင်္ကျားတစ်ယောက်ကို
နင့်နှလုံးသားထဲ ရေရှည်ထည့်ထားနိုင်မယ် ထင်လို့လား
ကိုယ်က စာရေးသူပါ
ဘာလို့ ကိုယ်ရေးတဲ့ စာတိုင်းကို လျှောက် နှိုင်းနေရတာလဲ
ပုံရိပ်ယောင်တွေကိုကိုယ် မုန်းတယ်
ကိုယ့် ကို ကြိုက်သလောက် အပြစ်ခြံခတ်နိုင်ပါတယ်
အစကတည်းက ၀န်ခံခဲ့ပါတယ်
ကိုယ်က ကော်ရက်ရှင်ပန် မသုံးတတ်တဲ့ အမှား မပြင်ချင်သူပါ
ကိုယ့်လို စာရေးသူတွေကို မုန်းတဲ့ ရှင်
ကိုယ့်ကိုပါ မုန်းလိုက်ပါ
သည်နေရာမှာ ကျွန်တော်လို့ပဲ ပြောတော့မယ်
ကျွန်တော်ပြောတာ ကို မယုံဘူးဆိုရင်
ဆက်ပြီး သံသယတွေထဲ မြင်နေဦးမယ်ဆိုရင်
သံယောဇဉ်ဖြတ်လိုက်ပါ
ကျွန်တော် ပြေးတိုင်းနင် နောက်က မလိုက်ပါနဲ့
တစ်ခါတလေ
တူတူပုန်းတမ်းဆော့ရရင်လည်း
မမြင်ချင်ယောင်ဆောင်ပေးရမှာ ရှင့်တာဝန်ပါပဲ
ကျွန်တော့ ကိုနင်
မဖတ်ရသေးတဲ့ စာအိတ်လို
ကြမ်းခင်းပေါ် ပစ်ချထားခဲ့လည်း ရပါတယ်
ဒါပေမယ့် ကျွန်တော် တောင်းပန်ပါတယ်
ကျွန်မကို အိုးမလုံ အုံပွင့်လို့လည်း မပြောပါနဲ့
ကျွန်တော့ ဘ၀နဲ့ ကျွန်တော် ရှိပါစေ
မကယ်တင် ချင်ပါနဲ့
ကျွန်တော် လုပ်သမျှ ဒေါက်ထောက် မကြည့်ပါနဲ့
ကျွန်တော် ညာခဲ့တယ်ဆိုရင်လည်း လျှော်ပစ်ပါ
နင့်ကို မျှော်လင့်ချက်မပေးချင်ဘူး
တကယ်လို့ ကျွန်တော် မှားနေတယ်ဆိုရင်တောင်
ကျွန်တော်ကို ရှင် မုန်းလို့ရပါတယ်
ကြတ်ခြေခတ်များတဲ့ ကျွန်တော့ ဘ၀ထဲလည်း
နင့်ကို အ၀င်မခံပါဘူး
ကျွန်တော်က ရှင့် ကောင်လေး လည်း မဟုတ်ပါဘူး
နင့် အစေခံလည်း မဟုတ်ပါဘူး
နင် ကျွန်တော့အပေါ် အသားလွတ်လည်း မကောင်းပြပါနဲ့
ကျွန်တော် ပေါက်ကွဲလာအောင် နင် မရက်စက်ချင်ပါနဲ့
ကျွန်တော် ဒဏ်ရာ အကင်းမသေသေးခင်
အစားထိုးမိကောင်း မိမယ်
အဲဒါတွေကို လိုက်ထောက်လှမ်းမနေပါနဲ့
နင့်ကို ကျွန်တော် မမုန်းချင်ပါဘူး
နင်ပြောသလို စာရေးဆရာတွေ သူတို့ မကောင်းကြောင်းမရေးဘူးဆိုလို့
ကျွန်တော် ရေးပြနေပါတယ်
သည့်ထက်ရေးဆိုလည်း ရေးပါဦးမယ်
မြင်တတ်ရင် မြင်အောင်ကြည့်ပါ
ကျွန်တော်က တစ်ဖတ်ကြည့်မှန်ပါ
ဒါကြောင့် ရှင့် မျက်နှာကို မသဲကွဲဘူး
ကျွန်တော့ကိုယ် ကျွန်တော်ဘာတွေ လုပ်နေမိမှန်း မသိဘူး
ဒါပေမယ့် ငါ ကျေနပ်နေတယ်
နင် ရွဲ့တတ်သလို ကျွန်တော်လည်း မညံ့လှပါဘူး
ငါ့ ကို ဘယ်လို ယောင်္ကျားလဲ လို့ အီကွေးရှင်း မထုတ်ပါနဲ့
ငါက အပေါစား ဆလူးရှင်းကို မုန်းတယ်
မိုးပျံပူဖောင်းလို ပေးပျံပါခင်္ဗျာ
အငွေ့ကုန်ရင် ပြန်လာခဲ့ပါ့မယ်
ခုနေတော့ ကျွန်တော့ကို ဘောင်မခတ်လိုက်ပါနဲ့
ချည်နှောင်ခြင်းကို ကျွန်တော်ခံနိုင်ရည် မရှိလို့ပါ..။
တောင်းပန်ပါတယ်...။
Categories:
ကဗျာ






0 comments:
Post a Comment